IWFM အနေဖြင့် ယနေ့တွင် Brands အချို့၊ အလုပ်ရှင်အချို့ နှင့် သဘောတူညီခဲ့သည့် ထုတ်ပြန်ချက်တွင် ပါရှိသည့် အကြောင်းအရာများအား အလုပ်သမား ညီအစ်ကို မောင်နှမများအား သိရှိစေလိုရန် ရှင်းလင်းတင်ပြပေးထားပါတယ်။
ထုတ်ပြန်ကြေညာချက်ကို မနက်ဖြန် ညနေ ရုံးချိန်မကျော်ခင် CTUM / IWFM နဲ့ မခိုင်ဇာရဲ့ FB အကောင့်မှာ တင်ထားပေးပါမည်။
—————————————–
အလုပ်သမား ညီအစ်ကိုမောင်နှမများရှင့်။
ယနေ့ တကမ္ဘာလုံး ကြုံတွေ့နေရတဲ့ COVID 19 ကပ်ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်များသည် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိပြီး အလုပ်သမားများ၏ ၀င်ငွေနှင့် အလုပ်အကိုင် တည်မြဲရေးကို ထိခိုက်လျက်ရှိပါသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံ၌ အလုပ်သမားအများစု အလုပ်လုပ်ကိုင်လျက်ရှိသော အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ ကျောပိုးအိတ်နှင့်လက်ကိုင်အိတ် လုပ်ငန်း (CMP) များတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား အများအပြားပေါ်တွင် သက်ရောက်မှု ကြီးစွာ ရှိပါသည်။
အထက်ဖော်ပြပါ လုပ်ငန်းများတွင် COVID 19 ၏ ဆိုးကျိုး သက်ရောက်မှုကို လျော့ချနိုင်ရေးအတွက် ထိုလုပ်ငန်းများတွင် ပစ္စည်း အပ်နေသာ ကုန်အမှတ်တံဆိပ် (Brands) အချို့ နှင့် ထို Brands များ ၏ ကုန်ပစ္စည်းများကို ချုပ်လုပ်နေသည့် စက်ရုံ ပိုင်ရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။
COVID 19 ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင် သက်ရောက်မှု ရှိလာနိုင်မည်ကို ကြိုတင် မြင်သည့်အတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ အစည်းအဝေးများကို တစ်ပတ်တစ်ကြိမ် နှင့် လိုအပ်သည့်အချိန်များတွင် ပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။
အဓိကအားဖြင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအား ဦးတည်၍ အလုပ်လျော့ချခြင်းကိစ္စ၊ အထက်ဖော်ပြပါ အစုအဖွဲ့များနှင့် IWFM မှ သဘောတူ လက်မှတ်ရေးထိုးထားသော
လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို ချိုးဖောက်ခြင်း၊ လုပ်ခလစာများ မပေးခြင်း (သို့မဟုတ်) အပြည့်အ၀ မပေးခြင်းဆိုင်ရာ ကိစ္စမျာကို အဓိက ဆွေးနွေးခဲ့ကြပါသည်။
အကြောင်းအရာ အားဖြင့် အလုပ်သမားများ၏ ၀င်ငွေ၊ အလုပ်အကိုင် အာမခံချက်ရှိရန်နှင့် ကျန်းမာသည့် လုပ်ငန်းခွင် ဖြစ်ရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပါသည်။
ယနေ့ မေလ (၁၁) ရက်နေ့တွင်လည်း IWFM အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်နှင့် ဖိနပ်ချုပ်လုပ်ငန်းများတွင် ပစ္စည်းအပ်နေသည့် Brands အချို့ နှင့် အလုပ်ရှင်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် တစ်ခုဖြစ်သည့် IndustriALL တို့ပါဝင်၍ အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအ၀ေးတွင် ပူးပေါင်း ထုတ်ပြန်ကြေညာချက်တစ်ခုကို သဘောတူညီခဲ့ကြပါသည်။ ထိုသဘောတူညီချက်ကို အတည်ပြု ထုတ်ပြန်နိုင်ရန် ဆွေးနွေးလျက်ရှိသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပါသည်။
ထိုသဘောတူညီချက်တွင် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များမှ တာဝန်ယူဆောင်ရွက်မည့်ကိစ္စများ၊ အလုပ်ရှင် များမှ တာဝန်ယူဆောင်ရွက်မည့် ကိစ္စများ၊ ကုန်အမှတ်တံဆိပ် (Brands) များအနေဖြင့် တာဝန်ယူဆောင်ရွက်မည့် ကိစ္စများကို ကတိက၀တ် ပြုထားပါသည်။ နောက်ဆက်တွဲ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကိုလည်း သဘောတူညီခဲ့ကြပါသည်။ ဆွေးနွေးမှုများကို ILO ကျွမ်းကျင်သူများနှင့် ACT (Brands ၂၁ ခုပါဝင်၍ IndustriALL နှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့) ၏ ရုံးအဖွဲ့မှ ပံ့ပိုးခြင်း ဖြစ်ပါသည်။
ထိုသဘောတူညီ ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍ၊ ဖိနပ်ချုပ်ကဏ္ဍမှ လုပ်ငန်းများနှင့် အလုပ်သမားများအတွက် အကျိုး ရှိစေမည့် ကိစ္စများ ပါဝင်ပါသည်။
ဤလုပ်ငန်းကဏ္ဍတွင် COVID 19 ဆိုးကျိုးသက်ရောက်မှုကို လျော့ချနိုင်ရန်အတွက် ရည်ရွယ်သဘောတူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုကြေညာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် စက်ရုံအလုပ်ရုံ ရာကျော်မှ အလုပ်သမား သိန်း ဂဏန်း နီးပါးခန့်၏ လုပ်ခလစာအခက်အခဲများ၊ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနိုင်ခြေများ၊ မကျန်းမာရေးနှင့် မကိုက်ညီသည့် လုပ်ငန်းခွင်အခြေအနေတွင် လုပ်ကိုင်နေရသည့် ကိစ္စများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။
ထိုထုတ်ပြန်ချက်သည် မနက်ဖြန် ညနေ ရုံးချိန်အတွင်း ထွက်ရှိမည်ဖြစ်ပါသည်။ ထိုထုတ်ပြန်ချက်ပါ အကြောင်းအရာများကို တာဝန်ခံဆောင်ရွက်မည့် Brands များ၏ အမည်များကိုလည်း တွေ့ရှိနိုင်မည်ဖြစ်ပါသည်။
ကျမ အနေဖြင့် ထို ထုတ်ပြန်ချက်တွင် ပါရှိသည့် အကြောင်းအရာများအား အလုပ်သမား ညီအစ်ကို မောင်နှမများအား သိရှိစေလိုပါသဖြင့် ယနေ့ (၁၁-၅-၂၀၂၀) ည (၈း၃၀) နာရီအချိန်တွင် မခိုင်ဇာ၏ Facebook အကောင့်မှ Live ဖွင့် ၍ ဆွေးနွေးရှင်းပြပေးမည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသည့် အလုပ်သမားညီအစ်ကိုမောင်နှမ
များနှင့် မိတ်ဆွေများအား အသိပေးအပ်ပါသည်။
ခိုင်ဇာအောင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)
၁၁ – မေ- ၂၀၂၀