All for Joomla All for Webmasters
ရေနံမြေ၀န်ထမ်းတွေအတွက်…လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဆို
အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု တွေကို ဖြေရှင်းရေးတွေမှာအားနည်းနေကြောင်း
August 18, 2018
လက်မှတ်ရေးထိုးထားသည့် ILO ပြဌာန်းချက်များနှင့်ပါတ်သတ်၍ တိုးတက်မှု ရှိ၊ မရှိ မြန်မာအစိုးရသို့ ILO မှ အစီရင်ခံစာတောင်းခံ
August 18, 2018

ရေနံမြေ၀န်ထမ်းတွေအတွက်…လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဆို

ရေနံမြေ၀န်ထမ်းတွေအတွက် အများပြည်သူရုံးပိတ်ရက်၊ အချိန်ပိုကြေးတွေခံစားခွင့်ရဖို့ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနက ထပ်မံညွှန်ကြားလာမယ်ဆိုရင်လိုက်နာဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဆို

နေပြည်တော်၊ ဇွန် ၎

ရေနံမြေ၀န်ထမ်းတွေအတွက် အများပြည်သူရုံးပိတ်ရက်၊အချိန်ပိုကြေး တွေခံစားခွင့်ရဖို့ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနက ထပ်မံညွှန်ကြားလာမယ်ဆိုရင်လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ မင်းဘူးမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဝင်းဝင်း မေးမြန်းတဲ့ “ရေနံအလုပ်သမားများ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ခံစားခွင့်ရရှိနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း” အပေါ် ၀န်ကြီးက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

မေးခွန်းမေးမြန်းသူ ဦးဝင်းဝင်းက ရေနံမြေ၀န်ထမ်းတွေဟာ အလုပ်ချိန် ၈ နာရီထက် ပိုလုပ်ရတာတွေ၊ ပိုလုပ်ရပေမယ့်လည်း အချိန်ပိုကြေးမရတာတွေ ၊ တရားဝင်ရုံးပိတ်ရက်တွေကိုခံစားခွင့်မရတာတွေ ရှိကြောင်း ပြောပါတယ်။ ဒါ့အပြင် သူ့မဲဆန္ဒနယ်အထဲမှာပါဝင်တဲ့ မန်းရေနံမြေနဲ့ထောက်ရှာပင်ရေနံမြေမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကတည်းက အချိန်ပိုကြေးတွေ ဖြတ်တောက်ခံခဲ့ရကြောင်း ဒါ့အပြင် ရုံးပိတ်ရက်လည်းမရတော့ကြောင်းထပ်လောင်းဆိုပါတယ်။

“သင်္ကြန်ရုံးပိတ်ရက်တောင် မခံစားရပါဘူး။ ရုံးပိတ်ရက်တွေအတွက် ရက်စားပေးတယ်လို့ ဆိုပေမယ့် အောက်ခြေ၀န်ထမ်းတွေက ဒါတွေကို မခံစားရပါဘူး။ ၂၀၁၆-၁၇ နောက်ပိုင်း အလုပ်ချိန်ကို ၁၂ နာရီအထိဆင်းခိုင်းတာတွေရှိပါတယ်။ လိုအပ်ချက်လားဆိုတော့ အမြဲလိုလိုဆင်းခိုင်းနေတာဖြစ်ပါတယ်။ ကြားထဲမှာအထက်အရာရှိ တွေက အထက်ကိုပွင့်ပွင့်လင်းလင်းမတင်ပြလို့ အခွင့်အရေးတွေဆုံးရှုံးနေတယ် ” လို့ သူကဆိုပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ရေနံမြေ၀န်ထမ်းတွေမှာ အရာထမ်းတွေအတွက် အလုပ်ဆင်းရက် ၂၈ ရက်မှာ ရက်စား ၁၁ ရက်ပေးထားကြောင်း၊ အမှုထမ်းဝန်ထမ်းတွေအတွက် အလုပ်ဆင်းရက် ၄၂ ရက်မှာ ရက်စားနားခွင့် ၁၂ ရက်ပေးထားကြောင်း၊ အလှည့်ဆင်းဝန်ထမ်းတွေအတွက် အလုပ်ဆင်းရက် ၂၄ ရက်မှာ ရက်စားနားခွင့် ၈ ရက်ပေးထားကြောင်း ပြန်လည်ဖြေကြားပါတယ်။

“အများပြည်သူရုံးပိတ်ရက်မှာ တာဝန်ထမ်းနေတဲ့ဝန်ထမ်းများအကျိုးခံစားခွင့်၊ အချိန်ပိုခံစားခွင့်များနဲ့ပတ်သက်ပြီး တော့ ယခင် ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနရဲ့ ၂၁ ၁၁ ၂၀၁၂ ရက်စွဲပါ စာအရ အစိုးရ၀န်ထမ်းများ၏လစာကိုထိုက်တန်စွာ ချီးမြင့်ပြီးဖြစ်၍ အလုပ်ချိန်အတွင်းလုပ်ငန်းပြီးစီးအောင်ဆောင်ရွက်ကြရန်ဖြစ်သည်၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ညာစာ၁၅ / ၉၃ ၏ အပိုဒ် ၁ (ဂ)အရ အချိန်ပိုလုပ်ခခံစားခွင့်အား ပယ်ဖျက်လိုက်ကြောင်းနှင့် ဖွဲ့စည်းပုံအရ ခွင့်ပြုရာထူးများ၌ တာဝန်ထမ်းဆောင်နြေဲကသည့် အစိုးရ၀န်ထမ်းများသည် ပြန်တန်းဝင်ရုံးပိတ်ရက်နေ့ထူးနေ့မြတ်ရက် အများပြည်သူရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင်ခြင်းများအတွက် အကျိုးခံစားခွင့်များကို သီးခြား ညွှန်ကြားထားခြင်းမရှိပါကြောင်း ပြန်ကြားလာပါသည်။ အကယ်၍ စီမံ ဘဏ္ဍာဝန်ကြီးဌာနကကနေပြီးတော့ အများပြည်သူရုံးပိတ်ရက် အ ချိန်ပိုခံစားခွင့်နဲ့ပတ်သက်ပြီးတော့ ထပ်မံညွှန်ကြားလာမယ်ဆိုရင်တော့ ၀န်ကြီးဌာနအနေနဲ့လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် မေးခွန်းမေးမြန်းသူ ဦးဝင်းဝင်းက ရေနံမြေတွေမှာ ယာယီဝန်ထမ်းတွေကို အမြဲတန်းဝန်ထမ်းအဖြစ်ခန့်အပ်တဲ့အခါပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် အခက်အခဲအတွေကြုံတွေ့နေရကြောင်းကြားသိရပါတယ် လို့ ဆိုပါတယ်။

ဒီအပေါ်မှာ ဦးဝင်းခိုင်ကတော့ နည်းဥပဒေများနှင့်အညီခန့်ထားလျက်ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။လာမယ့် ၂၀၁၈-၁၉ မှာ ၀န်ထမ်းသစ် ၅၅၀ ဦး ခန့်ထားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်းသူကထပ်လောင်းဖြေကြားခဲ့ပါတယ်။

ရေနံမြေလုပ်ငန်းဆိုတာ သဘောသဘာဝအရ ပိတ်ရက်မရှိကြောင်း၊ တစ်နှစ်ကို ၃၆၅ ရက် နေ့တိုင်း ၂၄ နာရီဆောင်ရွက်ရတဲ့လုပ်ငန်းမျိုးသဘောသဘာဝရှိကြောင်း၊ ရေနံမြေ၀န်ထမ်းတွေအနေနဲ့လည်း မိမိဘယ်လိုအလုပ်မျိုးကိုလာလုပ်တယ်ဆိုတာ အစကတည်းက သိပြီးဖြစ်ကြောင်း၊ ၎င်းတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဥပဒေဘောင်အထဲကပေးပြီးဖြစ်ပါကြောင်း နဲ့ ရေနံမြေလုပ်သားတွေအတွက် အများပြည်သူအလုပ်ပိတ်ရက် အချိန်ပိုကြေးတွေကို နိုင်ငံတော်ရဲ့မူဝါဒအရပြောင်းလဲသတ်မှတ်မယ်ဆိုရင် ၀န်ကြီးဌာနအနေနဲ့လိုက်နာဖို့အသင့်ရှိကြောင်းသူကဆိုပါတယ်။

AF-178
#Popular

Leave a Reply

Your email address will not be published. Required fields are marked *