All for Joomla All for Webmasters
(၁၃၃) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) ထုတ်ပြန်ကြေညာချက်
CTUM condemns the military regime for issuing warrants for CTUM Central Committee members within country and then declaring the passports of the whole CTUM Central Committee as void to block international travel.
June 4, 2021
ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန်နှိုးဆော်ခြင်း
May 1, 2023

(၁၃၃) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) ထုတ်ပြန်ကြေညာချက်

CTUM Myanmar

Confederation of Trade Unions, Myanmar.

၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀)ရက်။

လေးစားအပ်ပါသော CTUM အဖွဲ့ဝင် ညီအကိုမောင်နှမများ

မြန်မာနိုင်ငံတဝှမ်းရှိ အလုပ်သမားညီအကိုမောင်နှမများနှင့် မိဘပြည်သူများ

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများမှ ညီအကိုမောင်နှမများ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) သည် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး အခြေခံစံတန်ဖိုးများကို လေးစားလိုက်နာသည့် အဖွဲ့ချုပ်တခု ဖြစ်ပါသည်။ အထူးသဖြင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေး၊ လွတ်လပ်၍ အမှီအခိုကင်း သည့် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းထူထောင်နိုင်ရေးတို့သည် မိမိတို့၏ အဓိကကျသည့် တာဝန်တစ်ရပ် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက နိုင်ငံအာဏာကို မတရား သိမ်းယူခဲ့သည့်အတွက် အလုပ်သမားအခွင့်အရေးများ၊ လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများ အလွန်ဆိုးရွားစွာ ချိုးဖောက်ခံနေရပြီး တိုင်းပြည်နှင့် ပြည်သူလူထုသည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။

နိုင်ငံသားတို့၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီစနစ်မရှိဘဲ အလုပ်သမားသမဂ္ဂအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများ ကို ကာကွယ်ရန်မှာ လုံးဝမဖြစ်နိုင်ပါ။ ထိုကဲ့သို့သော ယုံကြည်ချက်ကြောင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်ဒီမိုကရေစီအရပ်သားအစိုးရတစ်ရပ် ပြန်လည်အသက်သွင်းနိုင်ရေး အတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် တွန်းလှန်တိုက်ပွဲဝင် နေဆဲဖြစ်ပါသည်။

အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင် အလုပ်သမား သမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များ စုစုပေါင်း (၁၀၈) ဦးကို မတရားဖမ်းဆီးခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခြင်း၊ ပစ်ခတ်ဖမ်းဆီးခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းနှင့် အကျဉ်းကျခြင်း၊ ထောင်ချခြင်း၊ CTUM ဗဟိုကော်မတီဝင်များနှင့် အဖွဲ့ဝင်များကို မတရားဖမ်းဝရမ်းထုတ်ခြင်း၊ နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း များကိုလည်း ပြုလုပ်ခဲ့သည်။

CTUM နှင့် CTUM ၏ အဖွဲ့ဝင်များကို ၎င်းတို့၏ အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်သို့ သွတ်သွင်းရန် နည်းလမ်း မျိုးစုံရှာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခုမိမိတို့ CTUM အား ဖြိုခွင်းရန်၊ ဖိနှိပ်ရန် အကြမ်းဖက် စစ်အုပ်စုမှ ဖွဲ့စည်းတည်ထောင်ထားသည့် အလုပ်သမားဝန်ကြီးဌာနမှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်နေပါသည်။ မအောင်မြင်ပါ။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းနှင့် ပြည်သူ့အာဏာ ဖီဆန်‌ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းများကြောင့် နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဏ္ဍမှ ဝန်ထမ်းများ အလုပ်မှ မတရား ထုတ်ပယ် ခံရခြင်း၊ ဝန်ထမ်းအိမ်ရာများနှင့် နေအိမ်များမှ မတရားအတင်း အကြပ်ဖယ်ရှားခံရခြင်းနှင့် နေအိမ်များကို မတရား မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရပါသည်။ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပြင်းပြင်းထန်ထန် ပါဝင်ခဲ့ကြသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း (၃၈) ဦးကျော်သည် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဖိအားများကြောင့် ကွယ်လွန်ခဲ့ရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် တို့သည် လူသားတိုင်းအတွက် အခြေခံ မွေးရာပါ အခွင့်အရေးများဖြစ်ပြီး ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် ထွန်းကားရှင်သန်ရေးအတွက် ကျင့်ကြံအားထုတ်ရာတွင် အဓိကကျသည့် အခွင့်အရေးများဖြစ်သည်။ နိုင်ငံသားတို့၏ လွပ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်စွာအသင်း အပင်းဖွဲ့စည်းခွင့်ရရှိရေးအတွက် ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံကြားထဲမှ တိုက်ပွဲဝင်နေကြသော မိမိတို့ အလုပ်သမားများ နှင့် အလုပ်သမားများ၏ မိသားစုများကို အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးချိုးဖောက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အရေးယူနိုင်စေရန် CTUM အနေဖြင့် အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၏ သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် အကြမ်းဖက်စစ်အုပ်စုအား အသိအမှတ်မပြုရေး/ ဖယ်ရှားရေး အကြမ်းဖက်စစ်တပ်၏ ဝင်ငွေ ရပေါက်ရလမ်းများအားလုံးကို ရပ်တန့်နိုင်ရေး၊ အလုံးစုံသော စီးပွားရေးပိတ်ဆို့အရေးယူရေး (CES) တို့အတွက် မိမိတို့နှင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း အလုပ်သမားညီအစ်ကိုမောင်နှစ်မများအား အသိပေး တင်ပြအပ်ပါသည်။ မိမိတို့ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားများ၏ သွေးစည်းညီညွတ်မှုအားဖြင့် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေးကို ဖယ်ရှားဆောင်ရွက်မည် ဖြစ်ပါသည်။

မိမိတို့၏ အလုပ်သမားများ၊ ပြည်သူများအား ဆင်းရဲဒုက္ဒမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံကို ကာလကြာ ရှည်စွာခံစားစေသော၊ အကြမ်းဖက်စစ်အုပ်စုအား ထောက်ခံအားပေးနေသော၊ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက် စစ်အုပ်စုနှင့်၎င်းတို့၏ ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံ ရစေရန် လူမျိုးဘာသာ၊ နိုင်ငံသား မခွဲခြားဘဲ တရားဥပဒေအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်းကို အသိပေးအပ် ပါသည်။

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့၌ အဖွဲ့ဝင် ဖြစ်သော CTUM နှင့် CTUM ၏ အဖွဲ့ဝင်များသည် ဖက်ဒရယ်ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ဆောက်ရေး တွင် မိမိတို့၏ ကတိကဝတ်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ ပြည်သူများအားလုံး လိုလား တောင့်တသော အနာဂါတ်ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးအရောက်လှမ်းနိုင်ရန်အတွက် မိမိတို့ ပါဝင်ရေးဆွဲခဲ့သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ နိုင်ငံရေးလမ်းပြမြေပုံ ပါအတိုင်း ပိုမိုကြိုးစားဆောင်ရွက်သွား နေပါကြောင်းကို အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်။

“အရေးတော်ပုံ မုချအောင်ရမည်”

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

Leave a Reply

Your email address will not be published. Required fields are marked *