All for Joomla All for Webmasters
Report on meeting with Laws and Special Matters Study and Analysis Commission on Labour Dispute Settlement Law Reform
Press Conference on 106th ILC
June 14, 2017
Myanmar Workers Delegation are participating in 106th ILC
June 16, 2017

Report on meeting with Laws and Special Matters Study and Analysis Commission on Labour Dispute Settlement Law Reform

Report on meeting with Laws and Special Matters Study and Analysis Commission on Labour Dispute Settlement Law Reform
အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ၊ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကိုယ်စားလှယ်များမှ တက်ရောက်ဆွေးနွေးမှုများအား စီရင်ခံတင်ပြခြင်း။
၃၁-၅-၂၀၁၇

ပြည်ထောင်စု လွှတ်တော်ရုံး၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ၊ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ညှိနှိုင်း အစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားစာကို CTUM မှ လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ CTUM မှ အထွေထွေ အတွင်းရေးမှူး ဦးသန်းလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခိုင်ဇာအောင် (အလုပ်သမားဥပဒေများ ပြင်ဆင် ခြင်း နည်းပညာအလုပ်အဖွဲ့ အလုပ်သမား ကိုယ်စားလှယ်) တို့သည် ၃၀-၅-၂၀၁၇ ရက်နေ့တွင် မွန်းလွဲ (၁၃း၃၀) နာရီမှ (၁၆း၃၀) နာရီထိ ပြည်သူ့ လွှတ်တော်ရေးရာဆောင်၌ အစည်းအဝေးကို တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်သူ ကိုယ်စားလှယ်များ
အစည်းအဝေးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ၊ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌ ဦးရွှေမန်း နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများ၊ ပြည်ထဲရေးမှ တာဝန်ရှိသူများ၊ တရားလွှတ်တော်ချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ၏ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးကျင်းပသည့် ရည်ရွယ်ချက်
အစည်းအဝေး ကျင်းပသည့် အဓိက ရည်ရွယ်ချက်မှာ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ (၅/၂၀၁၂) ကို ပြင်ဆင်ရေးဆွဲရေးအတွက် ဆွေးနွေးပွဲဖြစ်ပါသည်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ၊ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌ ဦးရွှေမန်းမှ အစည်းအဝေးအား ဦးဆောင်ခဲ့ပါသည်။ အစည်းအဝေးတွင် ဥပဒေပါ ပုဒ်မ တစ်ခုချင်းစီကို ဆွေးနွေးခြင်း မဟုတ်ဘဲ ဥပဒေတွင် အားနည်းချက်များ၊ ပြင်ဆင်ရန် လိုအပ်သည့် အပိုင်းများ၊ လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။
ဝန်ကြီးဌာနမှ တင်ပြချက်များ
ဆွေးနွေးရာတွင် ၀န်ကြီးဌာန တာဝန်ရှိသူများမှ ဥပဒေတွင် တွေ့ရှိရသည့် အားနည်းချက်များကို ဖော်ပြရာတွင်
– နိုင်ငံဝန်ထမ်းများကို အလုပ်သမား ကဏ္ဍတွင် မထည့်သွင်းရန်။ အငြင်းပွားကိစ္စရပ်များဖြစ်လာပါက အလုပ်ရှင်သည် အစိုးရဖြစ်နေသည့် တရားစွဲဆိုရန်ဖြစ်ပေါ်လာပါက အခက်အခဲရှိနိုင်ကြောင်း၊
– တစ်ဦးချင်းအငြင်းပွားမှု၊ စုပေါင်းအငြင်းပွားမှုတွင် ခွဲခြားဖော်ပြထားပြီး တစ်ဦးချင်းကိစ္စရပ်များသည် စီရင်ပိုင်ခွင့် ရှိသော တရားရုံးသို့ တိုင်ကြားရန်ဖြစ်သော်လည်း စုပေါင်းအငြင်းပွားမှုကဲ့သို့ပင် ခုံသမာဓိကောင်စီထိ ဖြေရှင်းပေးသည့်အတွက် တစ်ဦးချင်း/စုပေါင်း အငြင်းပွားမှုများအဖြစ် မဟုတ်တော့ဘဲ အငြင်းပွားမှု အဖြစ်သာ ပြင်ဆင်သွားရန် သင့်ကြောင်း၊
– ဥပဒေအရ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန် ဖြစ်သော်လည်း လုပ်ငန်းများတွင် မဖွဲ့စည်းကြပါ။ ထို့ပြင် ပြစ်ဒဏ်သတ်မှတ်ချက် မပါသည့်အတွက် ညှိနှိုင်းစာများ ပေးပို့ ဆောင်ရွက်နေရကြောင်း၊ မဖြစ်မနေဖွဲ့ကြရန်၊ သို့မဟုတ် အလုပ်သမားက ဖွဲ့ရန်တောင်းဆိုပါက မငြင်းပယ်ရန်နှင့် ငြင်းပယ်ပါက ပြစ်ဒဏ်သတ်မှတ်ချက်များ ရှိသင့်ကြောင်း
– အငြင်းပွားမှု ဖြေရှင်းသည့် အဆင့်ဆင့်သော ကော်မတီ၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီများ ဖွဲ့စည်းရာတွင် ပါဝင်ရွေးချယ်ခံပိုင်ခွင့် ရှိသူများကို ရှင်းလင်းစွာ မဖော်ပြသဖြင့် ဖော်ပြရန် လိုအပ်ချက်ရှိကြောင်း။
– ဥပဒေပါ ပြစ်ဒဏ် ငွေဒဏ်များသည် ထိရောက်သော ပြစ်ဒဏ်များ မဟုတ်သည့်အတွက် အလုပ်ရှင်များ လိုက်နာမှု အားနည်းနေပါသဖြင့် သင့်တော်သော ထောင်ဒဏ်၊ ငွေဒဏ်များကို ထည့်သွင်းရန် အလုပ်သမားအဖွဲ့ချုပ် ကိုယ်စားလှယ်များမှ တင်ပြလာသဖြင့် ဥပဒေကို လိုက်နာလာစေမည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ကြောင်း။
– အလုပ်သမား၏ နစ်နာမှုနှင့် စပ်လျဉ်းသည့် ငွေကြေးခံစားခွင့်များ အတွက် ရှင်းလင်းစွာ ဖော်ပြထားမှု မရှိခြင်း။
– စာချုပ် ချိုးဖောက်လျှင် တရားစွဲရန် ဥပဒေတွင် ပါဝင်သော်လည်း မည်သည့် ဌာနက တရားစွဲရမည်ဟု မပါဝင် ကြောင်း၊ တရားစွဲဆိုခွင့်ကို ခုံသမာဓိကောင်စီခွင့်ပြုချက်ရယူ၍ စွဲဆိုရန် ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းတွင် ထည့်သွင်းခဲ့သည်။ ထိုအချက်ကို ပြန်လည် ပယ်ဖျက်ရန် ဆွေးနွေးချက်များရှိသော်လည်း ဆက်လက် ထားရှိသင့်ကြောင်း။
– အစားထိုးရန်၊ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန် ပယ်ဖျက်ရန် ကို တင်ပြခဲ့ပါသည်။
ဆွေးနွေးရာတွင် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံသူများ ၀င်ရောက်လာရေး၊ ဥပဒေကို လေးစား လိုက်နာစေရန် ထောင်ဒဏ်မဟုတ်သည့် နည်းလမ်းရှာသင့်ကြောင်း၊ သပိတ်မှောက် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားနေပါက နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခက်အခဲဖြစ်နိုင်ကြောင်း စသည်ဖြင့်လည်း ဆွေးနွေးခဲ့ကြပါသည်။
CTUM အနေဖြင့် တင်ပြချက်များ
CTUM အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေးတည်ဆောက်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး စနစ်များကို လေ့လာနေပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် သွားသည့် စနစ်ကို အလုပ်သမားအဖွဲ့အစည်း များအား အရည်အချင်းမြင့် သင်ကြားပေးနေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥပဒေရေးရာ အချက်အလက်များနှင့် စပ်လျဉ်း၍
– နိုင်ငံဝန်ထမ်းများအား အလုပ်သမားဟူသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ထည့်သွင်းသင့်ကြောင်း၊ နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းခွင် ပိုမိုသာယာပျော်ရွှင်ရေးကို အလုပ်သမားအဖွဲ့အစည်း ရှိမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အခက်အခဲပြဿနာများ ဖြစ်ပွါးသည့်အခါ ကြီးကြပ်သူများနှင့် အလုပ်သမားအဖွဲ့အစည်း ဆွေးနွေးညှိနှိုင်းမှုဖြင့်ဆောင်ရွက်သွားသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း မရှိပါက ညှိနှိုင်းဖြေရှင်းလို့ရသည့် ကိစ္စများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ILO သို့ အမှုက ရောက်သွားနိုင်ကြောင်း။
– အလုပ်ရှင်များမှ စာချုပ်ချိုးဖောက်မှုများကို တရားစွဲဆိုရန်အတွက် ခုံသမာဓိကောင်စီမှ ခွင့်ပြုချက်ကို ရယူရန် မလိုကြောင်း၊ ဥပဒေက ချိုးဖောက်လျှင် တရားစွဲနိုင်ကြောင်းဖော်ပြထားပြီး တရားစွဲဆိုပိုင်ခွင့်ရှိသူကို တာန်ပေးအပ်ပါက အချိန်ကြန့်ကြာမှုများ မဖြစ်နိုင်တော့ကြောင်း၊ ထို့ပြင် စာချုပ်ချိုးဖောက်လျှင် တရားစွဲဆိုနိုင် သည်ဟု ဥပဒေက ပြဌာန်းထားပါလျှက် ခုံသမာဓိကောင်စီက တရားစွဲရန် မသင့် ဟူ၍ ဆုံးဖြတ်ကာ တရားစွဲဆိုခွင့် မပြုခဲ့သည့် အမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး ခုံသမာဓိကောင်စီသည် ဥပဒေကို ကျော်လွန်ဆောင်ရွက်ခဲ့၍ အလုပ်သမားများ နစ်နာကြောင်း၊
– မြို့နယ်များတွင် အလုပ်သမား ဦးစီးဌာနများ ရှိသည်။ ဥပဒေချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့ပါက ဦးစီးဌာနသို့ တိုင်ကြားခဲ့ကြပြီး ဦးစီးမှူးများက ခေါ်ယူစစ်ဆေး၍ ချိုးဖောက်ကြောင်း ပေါ်ပေါက်ပါက မချိုးဖောက်ရန် သတိပေးခြင်း၊ တရားစွဲဆိုခြင်းများ ရှိခဲ့သော်လည်း ယခုအခါတွင် ဥပဒေချိုးဖောက်မှုများ၊ လုပ်ငန်းခွင်စည်းကမ်း ချိုးဖောက်မှုများ၊ EC စာချုပ် ချိုးဖောက်မှုများ ကို သိသာစွာ မြင်တွေ့ရသော်လည်း အငြင်းပွားမှုများအဖြစ် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး ကော်မတီသို့သာ တင်၍ ဖြေရှင်းခိုင်းမှုများ ဖြစ်ပေါ်နေသည်။ သို့ဖြစ်သည့်အတွက် အလုပ်သမားများအတွက် နစ်နာမှုများ ဖြစ်ပေါ်ခြင်း၊ အရေးယူရန် အချိန်ကာလအားဖြင့် ကြန့်ကြာခြင်း၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များကိုလည်း မလိုက်နာခြင်း များ ဖြစ်ပေါ်နေသည်။
ဥပဒေချိုးဖောက်မှုများကို အငြင်းပွားဖြေရှင်းရေး စနစ်ဖြင့် ဖြေရှင်းရန် ဦးစီးဌာန တာဝန်ရှိသူများမှ အမှုလွဲပြောင်းနေသဖြင့် နိုင်ငံတော်အနေဖြင့်လည်း ဘတ်ဂျက် ထိခိုက်နေကြောင်း၊
ဥပမာ အားဖြင့် ယခု ၂၀၁၇ ခုနှစ် မေလ အထိ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့တွင် ဖြေရှင်းနေသည့် အမှု (၆၅) မှုတွင် (၄၅) မှုမှာ အလုပ်ထုတ်ပယ်ခြင်းခံရသဖြင့် အငြင်းပွားမှုများ ဖြစ်ကြောင်း။ အမှုအားလုံးအတွက် ငွေကြေးအကျိုးခံစားခွင့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့် ငွေပမာဏ မှာ (၃၁) သိန်းကျော် ဖြစ်ပြီး အမှုဖြေရှင်းသည့် ခုံသမာဓိအဖွဲ့ဝင်များ စရိတ်ချီးမြှင့် ထုတ်ပေးငွေ (၉၈) သိန်းကျော် ဖြစ်နေကြောင်း၊ အလုပ်ရှင် များ၏ အလုပ်သမားများအား ဥပဒေ၊ စည်းကမ်းများနှင့် မညီညွှတ်ဘဲ အလုပ်မှ ထုတ်ပယ်သည့် အတွက် ဖြေရှင်းရသည့် ကိစ္စကို နိုင်ငံတော်က အကုန်အကျများစွာ ခံကာ ဖြေရှင်းနေရသော်လည်း အလုပ်ရှင်များက မလိုက်နာသဖြင့် ဘတ်ဂျက်သာ ကုန်၍ ထိရောက်မှု မရှိကြောင်း၊
– အလုပ်ရှင်များသည် အလုပ်သမားများအား လုပ်ငန်းခွင် စည်းကမ်းများနှင့် မညီညွှတ်ဘဲ (ကြီးလေးသော ပြစ်မှု၊ သေးငယ်သော ပြစ်မှုများ ကျူးလွန်ခြင်း မရှိဘဲ/ အလုပ်သမားများအား လုပ်ငန်းခွင် စည်းကမ်းအတိုင်း အရေးယူမှု မရှိဘဲ) အလုပ်မှ ထင်သလို ထုတ်ပယ်မှု ဖြစ်ပေါ်နေခြင်းသည် အလုပ်သမားများ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းသည့်အတွက်ကြောင့်နှင့် ၄င်းတို့၏ အခွင့်အရေးများကို သပိတ်မှောက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကြောင့် ဖြစ်ရသည့်ကိစ္စမှာ များပြားပါကြောင်း။ CTUM မှ ကူညီဖြေရှင်းပေးခဲ့သော သပိတ် မှောက်ဆန္ဒထုတ်ဖော်မှုများတွင် နောက်နောင် လုပ်ငန်းခွင်အခက်အခဲများကို စနစ်တကျဖြေရှင်းနိုင်စေရန် အလုပ်သမား အဖွဲ့အစည်းကိုစနစ်တကျ ဖွဲ့၍ WCC ဖွဲ့ရန် ကြိုးစားသည့် အချိန်တွင် အလုပ်ထုတ်မှုများ ကြုံတွေ့ရကြောင်း၊ မည်သည့်အလုပ်ရှင်မှ အဖွဲ့အစည်းကြောင့်၊ တောင်းဆိုမှု ပြုလုပ်သည့်အတွက်ကြောင့်ဟု မပြောသော်လည်း အလုပ်ထုတ်ပယ်မှုများသည် ထိုကိစ္စရပ်များနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့်လည်း ယှဉ်တွဲကြည့်ရန် လိုအပ်ကြောင်း၊ အလုပ်သမားများသည် အဖွဲ့အစည်း ဥပဒေအရ လွတ်လပ်စွာ အဖွဲ့ဖွဲ့ခွင့် မရကြကြောင်း၊ အဖွဲ့အစည်း ဖွဲ့စည်းခြင်း၊ တောင်းဆိုခြင်းကြောင့် အလုပ်ထုတ်ပယ်ခြင်း ဖြစ်သဖြင့် ခုံသမာဓိကောင်စီမှ ပြန်လည်အလုပ်ခန့်ရန် အမိန့်ချမှတ်သော်လည်း အလုပ်ရှင်များသည် ပြန်မခန့်ဘဲ ဆုံးဖြတ်ချက် ချပြီး ဖြစ်နေသဖြင့် ဒဏ်ငွေ (၁၀) သိန်း ဟူသော ပမာဏကို အလွယ်တကူပင် ပြစ်ဒဏ်အဖြစ် ပေးနေကြကြောင်း။
– အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် အလုပ်သမားများ၏ မျှော်လင့်ချက်သည် စာချုပ်ချုပ်ဆိုခြင်းနှင့် ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် ဖြစ်သည်။ ယခုအခါတွင် အလုပ်ရှင်များသည် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေး ရှေ့မှောက်တွင် ချုပ်ဆိုသော စာချုပ်ကိုလည်း ချိုးဖောက်ကာ ၄င်းတို့အား တရားစွဲဆိုရန် အလုပ်သမားဦးစီးသို့ တောင်းဆိုမှုများ ပြုသည်။ ဦးစီးမှူးက တရားစွဲပေးသည်။ ထို့နောက် စာချုပ်ပါ အလုပ်သမားများအား ပေးရန် ရှိသော ငွေကြေးများကို စာချုပ် ပျက်ပြယ်သည်ဟု ဆိုကာ မပေးတော့သည့် ကိစ္စများ ဖြစ်နေကြောင်း၊ ထိုသို့ စာချုပ်ပျက်ပြယ်သည်ဆိုသည်မှာ မဖြစ်သင့်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို လိုက်နာရန် တာဝန်ရှိ ကြောင်း၊ စာချုပ်အရ အလုပ်သမားများအား ပေးရမည့်ငွေကြေးများမှာ လူဦးရေ များလျှင် များသလောက် သိန်းရာချီ ထိလည်း ရှိနိုင်ကြောင်း တရားစွဲခံကာ ဒဏ်ငွေ တစ်သိန်း၊ ငါးသိန်း ဆောင်ရုံဖြင့် ငွေကြေးများ မပေးဘဲ နေလျှင် ရသည်ဟု ဆိုပါက အလုပ်သမားများက ထပ်မံ၍ သပိတ်မှောက် တောင်းဆိုမှု ပြုရမလို ဖြစ်နေကြောင်း။ ထိုကဲ့သို့သာ ဖြစ်နေပါက မိမိတို့ မျှော်လင့်နေသော အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ ၀င်လာရန် အခက်အခဲ ဖြစ်နိုင်ကြောင်း။
– ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်သည် အလုပ်ပြန်လည် ခန့်အပ်ရန်ဖြစ်သော်လည်း အလုပ်ရှင်များမှ တရားစွဲခံကာ ဒဏ်ငွေ (၁၀) သိန်းဆောင်သဖြင့် အလုပ်သမားများမှာ အလုပ်ဆုံးရှုံးရသည့်အပြင် ၄င်းတို့ရသင့် သော နစ်နာကြေးများကိုလည်း မရရှိကြပါသည်။ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ပွားနေသော အမှုကိစ္စ များအတွက် အလုပ်သမားနစ်နာကြေးများကို တရားရုံးသို့ အလုပ်ရှင်မှ ပေးသွင်းထားသည်ဟု သိရသော်လည်း အလုပ်သမား များမှ ၄င်းငွေကို ထုတ်ယူရာတွင် ကြန့်ကြာမှုများရှိနေပါသည်။ မည်သို့ ဆောင်ရွက်ရမည်ကိုလည်း အလုပ်သမား များမှ မသိရှိပါ။ CTUM မှ သက်ဆိုင်သူများနှင့် ဆွေးနွေးဆောင်ရွက်လိုသော်လည်း တရားရုံး လုပ်ငန်းစဉ် ဖြစ်သဖြင့် မည်သူ့ထံသို့ ချဉ်းကပ်ဆောင်ရွက်ရမည်ကို မသိရှိပါ။ ထို့အတွက်ကြောင့် ၀န်ကြီးဌာန တာဝန်ရှိသူ များအနေဖြင့် အလုပ်သမားများ ရပိုင်ခွင့်ကို အမြန်ဆုံးရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံလိုကြောင်း။
– ထပ်မံ၍ အကူအညီတောင်းခံသည့် ကိစ္စမှာ ဟန်ကျိုးပိုင်ရီ Hundred အထည်ချုပ် စက်ရုံတွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားနေချိန်တွင် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်နိုင်ရန် CTUM မှ ကူညီပေးခဲ့ကြောင်း၊ ထို့နောက် အလုပ်ရှင်မှ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ကို ချိုးဖောက် မည် ဖြစ်သဖြင့် ၄င်းအား တရားစွဲရန် အလုပ်သမား ဦးစီးမှူးထံသို့ တင်ပြ၍ တရားစွဲခံခဲ့ကြောင်း၊ စာချုပ်တွင် အလုပ်သမားများအား ပေးရန်ရှိသည့် ထုတ်လုပ်မှုဆုကြေး/ထောက်ပံ့ကြေး၊ ကျွမ်းကျင်ကြေးများကို မပေးတော့ သဖြင့် အလုပ်သမားများမှ ၄င်းတို့ ရရှိခံစားနေရသော ငွေကြေးများ ရလိုသဖြင့် အလုပ်သမားဆက်ဆံရေးသို့ တိုင်ကြားသော်လည်း ဦးစီးမှူးမှ တရားစွဲပြီးသည့် ကိစ္စဖြစ်၍ ဆက်လက်ဆောင်ရွက်ပေးရန် မရကြောင်း ပြန်ကြား သည်။ အနည်းဆုံးအခကြေးငွေ ဥပဒေအရ အလုပ်ချိန် (၈) နာရီတွင် (၁၀၈၀၀၀) ကျပ်ထက် ပိုသော ငွေကို အလုပ်သမားများက ရရှိခံစားနေရပါက ဆက်လက် ခံစားခွင့်ရှိသည်ဟု ဥပဒေတွင် ပါရှိသည့်အတိုင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော အနည်းဆုံး အခကြေးငွေဆိုင်ရာ အငြင်းပွားမှုတွင် ပိုသောငွေကို ထုတ်လုပ်မှု ဆုကြေး/ ထောက်ပံ့ကြေး အဖြစ် စာချုပ်ချုပ်ဆို၍ အလုပ်သမားများကို ခံစားစေခဲ့ခြင်းဖြစ်သည်။ အလုပ်သမား များ၏ ကျွမ်းကျင်မှုအလိုက် ငွေကြေးကို တိုးမြှင့်ပေးရမည်ဆိုသည့် အတိုင်း ရရှိသော ခံစားခွင့်ကိုလည်း အလုပ်သမားများက ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် အနည်းဆုံး အခကြေးငွေ ဥပဒေအရ အလုပ်ရှင်အား တရားစွဲဆိုပေးပါရန်နှင့် အလုပ်သမားများက ရပိုင်ခွင့်ရှိသောငွေကြေးကို ရရှိအောင် အကူအညီတောင်းခံစာကို အလုပ်သမား ညွှန်ကြားရေးဌာနသို့ ပေးပို့ထားသည်။ ဦးစီးမှူးမှ အနည်းဆုံး အခကြေးကို ၃၆၀၀ ကို ရပြီးဖြစ်၍ တရားစွဲပေးလို့ မရဟု နှုတ်ဖြင့် ပြန်ကြားထားပါကြောင်း။ ထို့ကြောင့် ၀န်ကြီးဌာနအနေဖြင့် လှိုင်သာယာမြို့နယ် အလုပ်သမားဦးစီးများနှင့် ဆက်သွယ်၍ အလုပ်သမားများ ရသင့်သည့် ငွေကြေးများ ပြန်ရရေးအတွက် လမ်းညွှန် ချက်များ ပေးပေးရန် လိုအပ်ပါကြောင်း၊ ယခုတင်ပြချက်သည် ဟန်ကျိုးပိုင်ရီ (Hundred tex) ကိစ္စ တစ်ခု အတွက်သာ မဟုတ်ဘဲ၊ နောင်တွင် ထပ်မံပေါ်ပေါက်လာမည့် စာချုပ် ချိုးဖောက်ခြင်းဆိုင်ရာ ကိစ္စတွင် ငွေကြေး နှင့် စပ်လျဉ်းသည့် ကိစ္စများကို မည်သို့ ဆောင်ရွက်သွားရမည်ဆိုသည့် လမ်းညွှန်ချက်သည် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ပါသည်။
အခြားသော MICS အဖွဲ့ချုပ် ကိုယ်စားလှယ်များမှလည်း ဥပဒေအားနည်းချက်များ၊ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြခဲ့ကြပါသည်။
ဥပဒေပြင်ဆင်ရေးအတွက် လုပ်ငန်းစဉ်
အလုပ်သမားကိုယ်စားလှယ်များအနေဖြင့်လည်း ဥပဒေပြင်ဆင်ရေးတွင် ထပ်မံဖြည့်စွက် ပယ်ဖျက်၊ အစားထိုး ပြင်ဆင်လိုသော အချက်များ ရှိသေးပါကြောင်း၊ ပြင်ဆင်လိုသည့်အချက်များကိုလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားပြဌာန်းချက်များ (ILO conventions) များအား နားလည်သည့် အပြည်ပြည်ဆိုင်ရာ ရှေ့နေပညာရှင်များနှင့် ဆွေးနွေး ပြင်ဆင်ထားပါကြောင်း၊ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ရန် လုပ်ငန်းစဉ်အဖြစ် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ တွေ့ဆုံဆွေးနွေးပွဲများကို ဇွန်လတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေမူကြမ်းအား ကော်မရှင်သို့ ပြန်လည် တင်ပြရန် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် အစည်းအဝေးဦးဆောင်သူ ကော်မရှင် ဥက္ကဌ ဦးရွှေမန်းမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဥပဒေပြဌာန်းချက်များကို ပြင်ဆင်ရာတွင် ILO ၏ ပြဌာန်းချက်များနှင့် ညီညွှတ်ရန်လိုအပ်ကြောင်း၊ ဥပဒေ အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိပါက ဥပဒေအားနည်းချက်ဖြစ်ပါက ဥပဒေကို ပြင်ရ မည်ဖြစ်ပြီး လူပုဂ္ဂိုလ်များမှ လိုက်နာဆောင်ရွက်ခြင်း မရှိပါက လူကို အရေးယူရမှာ ဖြစ်ကြောင်း၊ ဥပဒေကို လိုက်နာလာကြရန် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ဥပဒေပါ တာဝန်သတ်မှတ်ချက်များကို အားလုံးမှ လေးစားလိုက်နာရ မည်ဖြစ်ကြောင်း၊ ဖြေရှင်းသည့် ပုဂ္ဂိုလ်များ၏ အရည်အချင်း ပြည့်ဝမှုသည်လည်း အရေးကြီး ပါကြောင်း၊ ဥပဒေများ ပြင်ဆင်ရေးဆွဲရေးတွင် အခြားသော အိမ်နီးချင်းနိုင်ငံများမှ မည်သို့ ကျင့်သုံးဆောင်ရွက်နေကြ သည်ကိုလည်း လေ့လာကြရန် လိုအပ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသည့် ဥပဒေများ ပေါ်ပေါက်လာစေ ရန်မှာ အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အစီရင်ခံတင်ပြသူ
ခိုင်ဇာအောင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် – CTUM
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် – မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ် IWFM
အလုပ်သမားကိုယ်စားလှယ် – (အလုပ်သမားဥပဒေပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ )

Leave a Reply

Your email address will not be published. Required fields are marked *