All for Joomla All for Webmasters
Report on the meeting with Ministry of Labour on CAS conclusion (15-9-2018)
Discussion on Training Manual Book by TTM Participants
November 23, 2018
ရှေးဦးသူနာပြုသင်​တန်းကို တက်​​ရောက်​ခြင်းနှင့်​ အသိပညာများကို မျှ​ဝေလိုက်​ပါတယ်​.
November 23, 2018

Report on the meeting with Ministry of Labour on CAS conclusion (15-9-2018)

Report on the meeting with Ministry of Labour on CAS conclusion (15-9-2018)

မြန်မာနိုင်ငံတွင် အလုပ်သမားများ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းနိုင်ခွင့် FOA၊ လွတ်လပ်စွာ အဖွဲ့အစည်းလုပ်ငန်းများ လုပ်ဆောင်နိုင်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နိုင်ခွင့် များ ချိုးဖောက်ခံနေရ သည့် အခြေအနေနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သည့် ILO ၏ ညီလာခံတွင် မြန်မာနိုင်ငံကိစ္စအား ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုရလာဒ်အဖြစ် ILO ညီလာခံ၊ စံနှုန်းများ ကျင့်သုံးရေးကော်မတီ (Committee on Application of Standards) မှ ဆုံးဖြတ်ချက် (၆) ချက်အား ချမှတ်လမ်းညွှန်ခဲ့ပါသည်။

ထိုဆုံးဖြတ်ချက်များအား အကျဉ်းချုပ်အားဖြင့် ဖော်ပြရပါလျှင် – CAS conclusions C.87 Myanmar.

မြန်မာနိုင်ငံအစိုးရ အနေဖြင့် အောက်ပါအချက်များကို သေချာစေရန် ဆောင်ရွက်ပေးရန်။

၁) အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမား အငြင်းပွားဖြေရှင်းရေး ဥပဒေများကို လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် FOA ပြဌာန်းချက်အမှတ် (၈၇) ညီညွတ်စေရေးအတွက် ဆောင်ရွက်ရန်။ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ILO ၏ နည်းပညာ အထောက်အပံ့များ ရယူဆောင်ရွက်ရန်။

၂) အလုပ်သမားအဖွဲ့အစည်းများသည် အဖွဲ့အစည်း၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲ (သို့မဟုတ်) ပုဂ္ဂလိက လုံခြုံရေးများ မှ အဖွဲ့အစည်း၏ လွတ်လပ်စွာဆောင်ရွက်ခွင့်ကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း မရှိစေဘဲ ဆောင်ရွက်သွားနိုင်စေရန်။

၃) အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော၊ မလိုလားအပ်သော အချက်များကို တောင်းခံခြင်းမပြုစေရန်နှင့် အလုပ်သမားသမဂ္ဂတွင် ပါဝင်ခြင်း၊ အဖွဲ့အစည်းဖွဲ့စည်းခြင်းကို အလုပ်သမားများ၏ ဆန္ဒနှင့်အညီ လုပ်ဆောင်ခွင့်ရှိစေရန်၊
၎) မတူညီသော လုပ်ငန်း ကဏ္ဍများမှ အလုပ်သမားများအားလုံး အဖွဲ့အစည်းဖွဲ့စည်းနိုင်ခွင့်ရှိစေရန်။

၅) အထူးစီးပွားရေးဇုန် ဥပဒေကို လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် FOA ပြဌာန်းချက်အမှတ် (၈၇) နှင့်အညီ ပြင်ဆင်ရန်။

၆) CAS စံနှုန်းများ ကျင့်သုံးရေး ကော်မတီအနေဖြင့် မြန်မာအစိုးရအား ILO ၏ တိုက်ရိုက် ဆက်သွယ်ရေး မစ်ရှင် (Direct Contact Mission) ကို မြန်မာနိုင်ငံသို့ လာရောက်ရန် လက်ခံစေရန်နှင့်

၂၀၁၈ ခုနှစ် နိုဝင်ဘာလ တွင် ပြုလုပ်မည့် ILO ၏ စံနှုန်းများ ကျွမ်းကျင်သူများ ကော်မတီ (Committee of Experts) အစည်းအဝေး မတိုင်မီ အထက်ပါ CAS ၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားမှု တိုးတက်မှုအခြေအနေများကို အစီရင်ခံစာ ပေးပို့ရန် တိုက်တွန်းထားပါသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် (အလည) တို့မှ ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM၊ အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု လက်မှတ်ရပြီးသော လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်များ၊ တိုင်းဒေသ ကြီးအဆင့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုအစည်းအဝေးသို့ CTUM ကိုယ်စားလှယ်အဖြစ် ဒေါ်ခိုင်ဇာအောင်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ချုပ် AFFM မှ ဒေါ်သဲဝင့် နှင့် CTUM အဖြစ်ဝင်များ ဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နာဂပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း တို့မှ စိုက်ပျိုးရေးအဖွဲ့ ကိုယ်စားလှယ်များ၊ စက်မှုကုန်ထုတ် ကိုယ်စားလှယ်များ၊ ကုန်တင်ကုန်ချ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် CTUM ကိုယ်စားလှယ်မှ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်ခံရ မှုနှင့်စပ်လျဉ်း၍

၁) စည်းရုံးရေးကာလ အခက်အခဲများ (အလုပ်ဖြုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု)

၂) မှတ်ပုံတင်စဉ် အခက်အခဲများ
က) မလိုအပ်သည့် ဥပဒေတွင် မပါဝင်သည့် အချက်အလက်များ တောင်းခံခြင်း၊ (အလုပ်ရှင်၊ အုပ်ချုပ်ရေးမှူး၊ ပညာရေးမှူးများ၏ ထောက်ခံချက်များ၊ အလုပ်ရှင်သို့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်း အကြောင်းကြားစာ၊ စက်ရုံ၏ အချက်အလက်များ၊ အဖွဲ့ဝင်များအားလုံး၏ မှတ်ပုံတင်များ တောင်းခံခြင်း)

ခ) ကြန့်ကြာစေခြင်း – ဦးစီးများ အလုပ်မအားလပ်သည့်အတွက် လျှောက်လွှာတင်ခြင်းကို လက်မခံခြင်း၊ လက်ခံပြီးသော်လည်း မစစ်ဆေးခြင်း၊ ပုံစံ (၆) ထုတ်မပေးခြင်း၊ သတ်မှတ်ကာလ ကျော်လွန်သည့်အခါမှ မေးမြန်းသည့်အခါ လိုအပ်ချက်များ ရှိသည်ဆိုကာ အချက်အလက်များ တောင်းခံခြင်း၊

ဂ) အလုပ်သမားအဖွဲ့အစည်းများသည် အဖွဲ့အစည်းဖွဲ့စည်းပုံအား လွတ်လပ်စွာရေးဆွဲခွင့်ရှိသည်ကို

မှတ်ပုံတင်အရာရှိများမှ လက်မခံဘဲ

ဖွဲ့စည်းပုံတွင် ထည့်သွင်းစေလိုသည့်အချက်များ ကို ထပ်မံဖြည့်စွက်ပေးရန် ညွှန်ကြားခြင်း၊ထည့်လိုသည့်စာသားများအား ရေးသား၍ပေးခြင်း။

၃) အလုပ်သမားအဖွဲ့အစည်းများသည် ၄င်းတို့၏ သမဂ္ဂ လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်မရရှိခြင်း။
က) အလုပ်သမားအဖွဲ့အစည်းမှ လုပ်ငန်းခွင်တွင်း ညှိနှိုင်းဆောင်ရွက်ပေးမှုများကို အလုပ်ရှင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်မှုအဖြစ် စွပ်စွဲ အလုပ်ထုတ်ပယ်ခြင်း။
ခ) အလုပ်သမားအဖွဲ့အစည်း၏ အစည်းအဝေးများကို ခေါ်ယူခိုင်းခြင်း၊ မှတ်တမ်းများ တောင်းခံခြင်း၊ အဖွဲ့အစည်းပြုလုပ်တိုင်း ဦးစီးဌာနသို့ အကြောင်းကြားစေခြင်း၊
ဂ) သမဂ္ဂ၏ ရုံးဓာတ်ပုံများနှင့် ခေါင်းဆောင်များ၏ ဓာတ်ပုံများကို တောင်းခံခြင်း။/ မပေးလျှင် အဖွဲ့အစည်းမှတ်ပုံတင် ပြန်သိမ်းမည်ဟု ခြိမ်းခြောက်မှုများ ရှိခြင်း။
ဃ) မြို့နယ် သမဂ္ဂသို့ နောက်တိုးသမဂ္ဂများကို အဖွဲ့ဝင်အဖြစ် ထည့်ရန် ခွင့်မပြုခြင်း။

၎) မူဝါဒပိုင်းဆိုင်ရာတွင် ပါဝင်ဆောင်ရွက်ခွင့် မရရှိခြင်း။
က) အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှု လုပ်ငန်းစဉ်အားနည်းခြင်း။
(ဥပမာအားဖြင့် – ဥပဒေပြင်ဆင်ေ၇းအတွက် နည်းပညာအလုပ်အဖွဲ့ကို ဖွဲ့ထားပြီး သုံးပွင့်ဆိုင်ယန္တရားမှ တစ်ဆင့် သွားရန် လမ်းကို အသုံးမပြုခြင်း)

ခ) အလုပ်သမားဥပဒေမူကြမ်းများကို အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များကို မပေးပို့ခြင်း၊ အများကို ပေးမသိခြင်း။
ဥပမာ – လွှတ်တော်တွင် ဆွေးနွေးနေသည့် အလုပ်သမားအငြင်းပွားမှု ဥပဒေမူကြမ်းသည် မည်သည့် မူကြမ်းပေါ်တွင် ဆွေးနွေးနေသည်ကို အလုပ်သမားသမဂ္ဂများမှ မသိရှိရခြင်း၊ ထိုဥပဒေတွင် FOA နှင့် မညီညွှတ်သည့် အချက်များကို ထည့်သွင်းအတည်ပြုထားလျှင် အလုပ်သမား အဖွဲ့ချုပ်များသည် ထိုအချက်များကို ထောက်ပြခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သိစေရန် စာရေးသားပေးပို့ခြင်း၊ သဘောထား ဆန္ဒထုတ်ဖော်ခြင်းဖြင့် ဥပဒေကို ပိုမိုကောင်းမွန်စေရေးအတွက် အကြံပြုနိုင်မည်။ မဟုတ်ပါက FOA ကို အကာအကွယ်မပေးသည့် ၊ တားဆီးသည် ဥပဒေများအဖြစ် ထွက်ပေါ်လာပါက နိုင်ငံအနေဖြင့် ILO ညီလာခံတွင် ဆက်လက် အမှုရင်ဆိုင်၊ စီစစ်ခံရနိုင်သည့် အခြေအနေများ ပေါ်ပေါက်လာနိုင်သည်။ )

ဂ) ခုံသမာဓိကောင်စီရွေးချယ်ပွဲများတွင် အလုပ်သမားအဖွဲ့ချုပ်များ ၏ အခန်းကဏ္ဍများကို အသိအမှတ်မပြုခြင်း။

၅) ဖြစ်ပွားနေသည့် အငြင်းပွားမှုများနှင့် လက်ရှိ ဖြစ်ပေါ်နေသည့် အလုပ်သမားသမဂ္ဂဖြိုခွဲမှုများ၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များ ဥပဒေနှင့် ဆန့်ကျင်နေသည့် ကိစ္စများ၊
(စက်ရုံစည်းမျဥ်းစည်းကမ်းများ ချိုးဖောက်ခြင်းမရှိဘဲ၊ အလုပ်သမားသမဂ္ဂများကို ထင်သလို အလုပ်ဖြုတ်နေသည့် ကိစ္စများ (Case Studies- ခုံသမာဓိကောင်စီ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များ) ကိုသာ ကိုကားသည်။
CTUM အဖွဲ့ချုပ်အနေဖြင့် စည်းကမ်းနှင့် မညီညွတ်၍ အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားများကို ကာကွယ်မည်မဟုတ်။ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခြင်း၊ အလုပ်သမားအဖွဲ့အစည်း၏ တာဝန်များ ကို ထမ်းဆောင်ခြင်း၊ အလုပ်သမားအကျိုးအတွက် ထမ်းဆောင်သည့် အလုပ်သမားများအား လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့် မညီဘဲ ထုတ်ပယ်သည့် ကိစ္စများကိုသာ ကိုးကားသည်။ တင်ပြချက်များအားလုံးအတွက် စက်ရုံအမည်။ လူပုဂ္ဂိုလ်အမည်၊ အချက်အလက်၊ အထောက်အထားများဖြင့် ပေးမည်) ။

၆) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ပြဌာန်းထားသည့် ငြိမ်းစုစီ ဥပဒေသည် နိုင်ငံသူ / သားများ၊ အလုပ်သမားအဖွဲ့အစည်းများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်နေကြောင်းနှင့် ပိတ်ပင်နေသည့် အချက်များကို ရှင်းပြခြင်း၊

၇) အထူးစီးပွားရေးဇုန် ဥပဒေပါ FOA နှင့် မညီညွတ်သည့် အချက်များကို ဆွေးနွေးတင်ပြခြင်း။

၈) မှတ်ပုံတင်ရာတွင် အလုပ်ရှင်မရှိ၍ မှတ်ပုံတင်ခြင်းကို လက်မခံဘဲ။ စစ်ဆေးခြင်း မပြုပေးသည့် အဖွဲ့အစည်းများကိစ္စဆွေးနွေးခဲ့ပြီ။ အလုပ်ရှင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလုပ်သမားဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း အလုပ်သမားအားလုံးအား အဖွဲ့အစည်းဖွဲ့ခွင့်ပေးရန်နှင့် MEC လက်အောက်ရှိ လုပ်ငန်းများမှ အလုပ်သမားများ အဖွဲ့အစည်းမှတ်ပုံတင်ရရှိရေး ဆွေးနွေးခြင်း။

၉) မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အပြည့်အ၀ မရရှိသည့် ကိစ္စနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခြင်း၊ နားထောင်ခြင်း ပြုလုပ်ယုံသာ မကဘဲ။ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ ကျေကျေလည်လည်ဆွေးနွေး၍ အဖြေရှာရမည့် ကိစ္စများ ရှိကြောင်း၊
FOA အာမခံချက်ရရှိရေးအတွက် လက်ရှိ ဖြစ်ပွားနေသော အငြင်းပွားမှု များကို သုံးသပ်၍ ထိုသို့ ဖြစ်ပွားရသည့် အကြောင်းရင်းများပေါ်တွင် ဆွေးနွေး၍ အလုပ်ရှင် အလုပ်သမား အဖွဲ့ချုပ်အဆင့်များမှ လည်းကောင်း၊ သုံးပွင်းဆိုင်မှလည်းကောင်း မူဝါဒများ၊ အငြင်းပွား မဖြစ်စေရေး အတွက်ပူး ပေါင်းဆောင်ရွက်မှုများ၊ မူဝါဒများ ချမှတ်လုပ်ဆောင်သင့်ကြောင်း၊ အကြံပြုခြင်း။

အထက်ပါ ကိစ္စရပ်များအား အဓိကထား တင်ပြခဲ့ပြီး။ အစည်းအဝေးတွင် ဆွေးနွေးချက်များတွင်ပါဝင် သည့် အကြောင်းအရာများပေါ်တွင် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး တက်ရောက်လာသူများမှလည်း တိုင်းဒေသအလိုက်၊ ကဏ္ဍအလိုက် ကြုံတွေ့နေရသည့် မှတ်ပုံတင်ခြင်း၊ အသိအမှတ်ပြုခံရခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဥ်း၍ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

ဖြေလျော့ပေးစေလိုသည့် ကိစ္စရပ်များ ရှိပါက စာရေးသားပေးပို့ရန်၊ လိုအပ်သည်များကို ပြည်တွင်း၌သာ ဖြေရှင်းဆောင်ရွက်စေလိုကြောင်းနှင့် တင်ပြသည့် အချက်အလက်များအပေါ်တွင် ၀န်ကြီးဌာနမှ သဘောထား များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အချုပ်အားဖြင့် အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် မြေပြင်လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တိုင်းအလုပ်သမားဦးစီးများ၊ ၀န်ကြီးဌာနများသို့ တိုက်ရိုက် သတင်းပို့ တိုင်ကြားရန်၊ လိုအပ်သည့် အကူအညီများ တောင်းခံ၇န် ညွှန်ကြားရေးမှူးချုပ်များမှ ပြောကြား ခဲ့ပါသည်။ MEC အောက်ရှိ လုပ်ငန်းများမှ ၀န်ထမ်းများအဖွဲ့အစည်းဖွဲ့ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်းပြီးဖြစ်ပြီး ခွင့်ပြုပေးပြီး ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ILO မှ Direct Contacts Mission သည် ၂၀၁၈ အောက်တိုဘာလ (၁-၄) ရက်နေ့များတွင် မြန်မာပြည်သို့ လာရောက်မည်ဖြစ်ကြောင်းကိုလည်း ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားခဲ့ပါသည်။

အစည်းအဝေးကို နံနက် (၉း၃၀) မှ မွန်းလွဲ (၁) နာရီအထိ ရန်ကင်းမြို့နယ်။ အလုပ်သမားလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

အစီရင်ခံတင်ပြသူ
မခိုင်ဇာအောင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် – CTUM)
(ဥက္ကဋ္ဌ – မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM)

Leave a Reply

Your email address will not be published. Required fields are marked *